"  "


အောင်မြင်ခြင်းဆီ သွားတဲ့လမ်းပေါ်မှာ ပန်းပွင့်တွေကြဲမထားသလို နေရောင်ခြည်တွေလည်း ရှိနေမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒုက္ခအခက်အခဲစတဲ့ ချောက်ကမ်းပါးတွေသာ ပြည့်နှက်နေမှာဖြစ်တယ်။ စာပေနိုဘယ်လ်ဆုရ အမေရိကန်စာရေးဆရာ Hemingway ဟာ လက်ဝှေ့သမား၊ မုဆိုး၊ တံငါသည်နဲ့ သတင်းထောက် လုပ်ခဲ့ဖူးတယ်။ လက်ဝှေ့သင်စမှာ သွေးထွက်သံယို အထိုးအကြိတ်ပေါင်းများစွာကို သူခံခဲ့ရတယ်။ စစ်မြေပြင်မှာ ဗုံးဒဏ်ကြောင့် သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ပေါင်း (၂ဝဝ) ကျော်ရှိခဲ့တဲ့အပြင် ဒူးခေါင်းမှာလည်း စတီးရိုးတပ်ဆင်ခဲ့ရတယ်။

(၄) လကြာမျှ သူပင်ပင်ပန်းပန်းရေးခဲ့တဲ့ စာမူကို “ပယ်” ဆိုတဲ့ စကားလုံးနဲ့ လဲခဲ့ရတယ်။ ဒါပေမယ့် Hemingway က စကားတစ်ခွန်းပြောခဲ့ပါတယ်။

“လဲကျတဲ့နေရာမှာပဲ လဲမနေဖို့၊ အမြဲတမ်း အသင့်အနေအထားမှာရှိဖို့၊ နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့ အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက ကျွန်တော်ကိုသင်ခဲ့ပါတယ်”

ဒီလိုကြံ့ခိုင်တဲ့စိတ်ဓာတ်၊ အကျင့်စရိုက်ကြောင့် “ပင်လယ်ပြာနဲ့ တံငါအို”ဆိုတဲ့ ကမ္ဘာကျော် နာမည်ရစာအုပ်တစ်အုပ်ကို သူရေးနိုင်ခဲ့တာဖြစ်တယ်။

ဓာတုဗေဒနိုဘယ်လ်ဆုရ ဆွီဒင်သိပ္ပံပညာရှင် Arrhenius က ionic theoryကို တီထွင်ချိန်အတွင်းမှာ အခက်အခဲ၊ အတားအဆီးမျိုးစုံကို ခံခဲ့ရတယ်။ အကြိမ်ထောင်ပေါင်းများစွာ စမ်းသပ်ပြီးရလာတဲ့ သူ့အဖြေလွှာကို ပါမောက္ခတချို့က “ရိုးစင်းတဲ့စိတ်ကူးယဉ်ခြင်း” လို့ ဝေဖန်ခဲ့သလို ရလဒ်ကလည်း အဆင့်(၃)နေရာမှာသာရှိခဲ့တယ်။ ၃နှစ်အကြာမှာ သူ့တီထွင်မှုကို အသိအမှတ်ပြု ခံခဲ့ရလည်း ဝေဖန်ပြစ်တင်သံတွေက စဲမသွားခဲ့ဘူး။ (၁ဝ)နှစ်အကြာမှ ပါမောက္ခရာထူးကိုရပြီး Stockholm တက္ကသိုလ်က ကျောင်းအုပ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။

ဓာတုပညာရှင်တစ်ဦးက အခုလိုပြောခဲ့ပါတယ်။

“သိပ္ပံပညာရပ်ရဲ့ အောင်မြင်မှုက အပျင်းကြီးတဲ့ နတ်သမီးတစ်ပါးနဲ့တူတယ်။ သင်တစ်ချက်ပဲခေါက်တဲ့တံခါးကို အပျင်းကြီးပြီး သူလာမဖွင့်ပေးဘူး။ အဆက်အပြတ်ခေါက်ပေးမှ မဖြစ်မနေ တံခါးကို သူဖွင့်ရတော့တယ်”

အခက်အခဲ၊ အတားအဆီးတွေကိုမကြောက်ဘဲ တံခါးကို ဇွဲရှိရှိခေါက်ပေးမှ အောင်မြင်ခြင်းတံခါးကို နတ်သမီးက ဖွင့်ပေးပြီး ကိုယ့်ကိုလက်ခံမှာဖြစ်တယ်။ “ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း” လို့ အမြဲတမ်းထင်မြင်နေတဲ့အရာက တကယ်တမ်းတော့ “ခဏတဖြုတ် အခက်အခဲ” တွေသာဖြစ်တယ်။

အခက်အခဲကို ရှုံးနိမ့်ခြင်းလို့ လက်ခံယူဆလိုက်ရင် အခက်အခဲတွေက ဖျက်ဆီးတဲ့အင်အားအသွင်ကို ဆောင်သွားလိမ့်မယ်။ တကယ်လို့ အခက်အခဲတွေကို သင်ဆရာ၊ မြင်ဆရာအဖြစ် သတ်မှတ်ခဲ့ရင် ဒါဟာ အောင်မြင်တဲ့လမ်းစပဲဖြစ်တယ်။ ဒီလို ခဏတဖြုတ် အခက်အခဲတွေက ကိုယ့်ကိုယ်ကိုယ်မားမားရပ်တည်နိုင်ဖို့၊ အကောင်းဆုံးဘက်ကို ဦးတည်ရှေ့ဆက်ဖို့ ကိုယ့်ကြိုးစားမှုကို လမ်းညွှန်ပေးတဲ့အရာပဲဖြစ်တယ်။

ဘဝတလျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ...

မြင့်မြတ်တဲ့စစ်သူကြီး နပိုလီယံတောင်မှ အရေးပါတဲ့စစ်ပွဲတွေမှာ သုံးပုံတစ်ပုံကို ဆုံးရှုံးခဲ့သေးတယ်။ ကိုယ့်ရဲ့အမှားတွေက နပိုလီယံလောက် ရှိချင်မှရှိမယ်။ ဒါပေမယ့် ဒါကိုဘယ်သူသိနိုင်မလဲ... အဓိက သေသေချာချာ မှတ်ထားရမှာက “မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့ ” ဆိုတာကိုပါပဲ။

ရှိတ်စပီးယားရဲ့ နာမည်ကျော်စာတွေကို သင်ဖတ်နေချိန်မှာ သူ့ရဲ့နာမည်ရ အဆိုအမိန့်တချို့ကြောင့် သင်ခံစားသက်ဝင်မိလိမ့်မယ်။ ဒါမှမဟုတ် သူ့ရဲ့နာမည်အကြီးဆုံး အဆိုအမိန့်တစ်ခုကို သင်မှတ်မိရင် မှတ်မိလိမ့်မယ်။ အဲဒီစာက “ထက်မြက်သူတွေက နေရာမှာတင်ထိုင်ပြီး သူတို့ ဆုံးရှုံးနစ်နာခဲ့တာတွေကို တွေးပြီး ဝမ်းနည်းကြေကွဲနေမှာ မဟုတ်ဘူး။ အဲဒီထိခိုက်ဝမ်းနည်းမှုကို ဘယ်လိုဖာထေးရမလဲဆိုတဲ့နည်းကိုပဲ သူတို့ရှာကြမှာဖြစ်တယ်” တဲ့။

ရှိတ်စပီးယားရဲ့ စကားအတိုင်း လုပ်ဆောင်ခဲ့ရင် အခက်အခဲဒုက္ခတွေကို အောင်နိုင်မှာဖြစ်တယ်။ ဒီလို အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်တဲ့ သဘောထားတွေကို ရှေးလူကြီးတွေရဲ့ အတွေ့အကြုံ၊ စကားတွေမှာ တွေ့ရတဲ့အပြင် စာပေအများစုမှာလည်း ဖော်ပြပါရှိပါတယ်။ ရုပ်ရှင်တွေမှာလည်း ဆန့်ကျင်ဖက်တွေကို ခိုင်းနှိုင်းပြသတဲ့ ဇာတ်ကားတွေများခဲ့ပါတယ်။

နာမည်ကြီးသရုပ်ဆောင် Meryl Streep ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရ “Sophie's Choice” ဇာတ်ကားက Oswy စခန်းကထွက်လာတဲ့ ပိုလန်အမျိုးသမီးတစ်ဦးရဲ့ အကြောင်းဖြစ်တယ်။ ဇာတ်လမ်းအစမှာ Sophieက အမေရိကန်ကို ရောက်နေပြီဆိုပေမယ့် အိပ်မက်ဆိုးတွေက အရိပ်ပမာ သူ့နောက်မှာလိုက်နေခဲ့တယ်။ သူချစ်တဲ့သူ၊ သူ့မိဘ၊ ခင်ပွန်း၊ သားသမီးတွေ အားလုံးသေဆုံးခဲ့ပြီး သူတစ်ယောက်တည်း ရှင်ကျန်ရစ်ခဲ့တာမို့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့တယ်။ Sophieဟာ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုယ်ကိုယ်လုံးဝပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါစေလို့ ဘုရားသခင်ထံ နေ့တိုင်းဆုတောင်းခဲ့ပေမယ့် ခေတ်ကာလရဲ့မတည်ငြိမ်တဲ့ ဝဲဂယက်ထဲမှာ သူ့ဘဝတစ်ဝဲဝဲလည်ခဲ့ရတယ်။

သူလေးစားချစ်ခင်ရတဲ့ ဖခင်က နာဇီလူမျိုးတို့ရဲ့ လူမျိုးခွဲခြားရေးဝါဒမှာ ယုံကြည်သက်ဝင်၊ ကိုးကွယ်သူဖြစ်ခဲ့တယ်။ သူ့ခင်ပွန်းကို ဂျာမဏီစစ်ဗိုလ်တစ်ဦးက သတ်ဖြတ်ခဲ့တယ်။ စခန်းမှာ ဂျာမဏီလူမျိုးတစ်ဦးက သားနဲ့ သမီးထဲက တစ်ဦးဦးကိုရွေးချယ်ဖို့ သူ့ကိုအခွင့်အရေးပေးခဲ့တယ်။ (အရွေးမခံရသူက အဆိပ်ငွေ့နဲ့ အသတ်ခံရမှာ ဖြစ်ပါတယ်) “သမီးကို ခေါ်ဆောင်သွားပါ” လို့ Sophieက မျှော်လင့်ချက်မဲ့ ပြောခဲ့တယ်။ နောက်ဆုံး Sophieက သူဟာ အချစ်၊ မိသားစု၊ သားသမီးတွေနဲ့ မထိုက်တန်သူဆိုပြီး သေလမ်းကိုရွေးခဲ့တယ်။

“တိုင်တန်းနစ်” ဇာတ်ကားမှာ အထက်ကဇာတ်ကားရဲ့ ဆန့်ကျင်ဖက်သဘောမျိုးကို တွေ့ရပြန်တယ်။ ကြီးမားတဲ့အခက်အခဲကို ဖြတ်ကျော်ပြီး ချစ်သူပါလက်လွှတ်ဆုံးရှုံးခဲ့တဲ့ ရိုစ့်ဟာ အသစ်တဖန် ရှင်သန်ခြင်းကိုရွေးခဲ့တယ်။

“မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့ ” ဆိုတဲ့စကားက ရိုးကောင်းရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့မြင့်မြတ်တဲ့ အသိဥာဏ်နဲ့ အတွေ့အကြုံတွေပါနေခဲ့တယ်။ နာကျင်ခြင်း၊ ကံမကောင်းခြင်းစတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေ ပြည့်ဝတဲ့၊ ကျန်းမာသန်စွမ်းတဲ့မနက်ဖြန်ကို လက်လွှတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။

(D Men) ပြုစုတဲ့ The Secret of success inspiring စာအုပ်ထဲကဖြစ်ပါတယ်။



No comments

Powered by Blogger.