စိတ်ကိုကြည်လင်စွာ နဲ့ လောကကိုအကောင်းမြင်နိုင်ပါစေ


လင်မယားစုံတွဲတစ်တွဲဟာ နှစ်ထပ်အိမ်လေးတစ်လုံးမှာ မှီတင်းနေထိုင်ကြပါတယ်။
မနက်တိုင်းမှာ မယားဖြစ်တဲ့သူဟာ အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ ဘေးအိမ်ကိုချောင်းချောင်းကြည့်ပြီး သူမြင်တွေ့သမျှတွေကို သူ့ရဲ့ခင်ပွန်းဆီကို ဖောက်သည်ချ ပြောပြလေ့ရှိတယ်။...................
“ဘေးအိမ်ကဟာတွေက အဝတ်အစားလည်း ကောင်းကောင်းမလျှော်တတ်ကြဘူးသိလား။ အဝတ်အစားတွေ ညစ်ပတ်နေတာပဲ။ ဘာဆပ်ပြာမှုန့်များသုံးကြလည်းမသိဘူး ”
ယောင်္ကျားဖြစ်သူပြန်ပြောတာက “သူများကိစ္စသွားအာချောင်မနေစမ်းပါနဲ့။ ကိုယ့်အဝတ်အစားတွေသာကိုယ်ပြောင်အောင်လျှော်စမ်းပါ ” 
ဒါပေမယ့် မိန်းမလုပ်တဲ့သူက ပြတင်းပေါက်ကနေ နေ့တိုင်းဘေးအိမ်ကိုသွားသွားချောင်းကြည့်နေတတ်မြဲပဲတဲ့... ပြီးရင်သူ့ယောက်ျားကိုလာလာပြောပြပြန်တယ်။
“သူတို့ အဝတ်အစား လျှော်တာကလည်း ညစ်ပတ်နေတာပဲ” တဲ့ .......
ဒီလိုနဲ့ တစ်နေ့မနက်မှာ ယောက်ျားကအိမ်အောက်ထပ်မှာ ကော်ဖီတစ်ခွက် နဲ့ သတင်းစာထိုင်ဖတ်နေတုန်း မိန်းမက အိမ်ပေါ်ကနေ အထူးအဆန်းပြေးဆင်းလာပြီး သူယောင်္ကျားဆီ လာတိုင်ပြောတယ်။
“ယောင်္ကျားရေ နားကိုမလည်တော့ဘူး သူတို့ ဘာဆပ်ပြာမှုန့်ပြောင်းသုံးကြလည်းမသိဘူး။ ဒီနေ့ သူတို့ အဝတ်အစားတွေ သစ်လွင်နေတာပဲ။ သူတို့ဘာနဲ့ လျှော်တာလည်းအရမ်းသိချင်တာပဲ” 
ဒါနဲ့ယောက်ျားလုပ်သူက ထပြောတယ်
“ ငါတော်တော်လေးကိုအမြင်ကတ်လာပြီနော်.....ဒီနေ့မနက် အစောကြီး ငါထပြီးပြတင်းပေါက်မှန်တွေကို ပြောင်နေအောင်သုတ်ထားလို့ ဟေ့.... 
အရင်က မှန်တွေက ညစ်ပေနေတာ နင်က အဲ့ကနေသွားသွား ကြည့်မှတော့ အကုန်ညစ်ပေနေတာပဲ မြင်မှာပေါ့ ဟ ” တဲ့ .......
သင်ခန်းစာ -----------------
ကျွန်တော်တို့လူသားတွေဟာ သူတစ်ပါးရဲ့အပြစ်ကိုသာ ရှာကြည့်တတ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့မေ့နေတတ်ကြတယ်။ဒါကြောင့်သူတပါးကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင်ကြည်လင်အောင် သန့်ရှင်းထားဖို့ လိုပါတယ်။ ကိုယ့်စိတ်က ကြည်လင်နေရင် မြင်သမျှအရာလှပနေမှာဖြစ်သလို ကိုယ့်စိတ်ကနောက်နေရင်လည်း မြင်ရမှာက ပြဿနာချည်းဖြစ်နေမှာပါ။
စိတ်ကိုကြည်လင်စွာနဲ့ လောကကို အကောင်းမြင်နိုင်ကြပါစေ။


❄❄❄❄❄❄❄❄❄❄❄❄❄

❄❄အားလုံးကို ကျေးဇူးတင်စွာဖြင့် -


   

No comments

Powered by Blogger.